အောင်သူငြိမ်း – 
ဖက်ဒရယ်စနစ် ဟုတ်/မဟုတ်
တိုင်းတာရန် ပေတံများ

.

တချိန်က ဖက်ဒရယ်ဆိုတာ မပြောအပ်တဲ့၊ အန္တရာယ်ရှိတဲ့ ဝေါဟာရပါ။

ခု ခေတ်သစ်မှာ ဖက်ဒရယ်ဝေါဟာရကို စတင်တရားဝင် သုံးစွဲသူက သမ္မတဟောင်း ဦးသိန်းစိန်ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလမှာ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) သမ္မတရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ စတင်ဖော်ပြခဲ့ပါတယ်။

နောက်တခါ NCA အပစ်ရပ်စာချုပ်မတိုင်မီ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အစိုးရ၊ လွှတ်တော်တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ လက်မှတ်ရေးထိုးကြတဲ့ Deed of Commitment (ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကတိပြုချက်) မှာ ဖက်ဒရယ်စာလုံးကို ဖော်ပြခဲ့ပါတယ်။

ဒါ ပေမယ့် ပြီးခဲ့တဲ့ ၂၁-ရာစု ပင်လုံညီလာခံမှာတော့၊ (အထူးသဖြင့်) တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖက်ဒရယ်ဆိုင်ရာ ဝိသေသလက္ခဏာတွေ ပါဝင်တယ်ဆိုပြီး၊ အမေရိကန် ပြည်ထောင်စုက ဖွဲ့စည်းပုံဥပဒေပညာရှင် ရော်နယ်လ် ဝဒ်စ် (Ronald Watts) ကို အထူးကိုးကားဖော်ပြခဲ့ပါသေးတယ်။ 

သူတို့ ကိုးကားဖော်ပြတဲ့ အချက်တွေကတော့ –

(က) အနည်းဆုံးအစိုးရ အဆင့်နှစ်ဆင့် (နှစ်ရပ်) ရှိပြီး၊ တနိုင်ငံလုံးအတွက် ဆောင်ရွက်သည့် ပြည်ထောင်စု (ဗဟို) အစိုးရနှင့် ဒေသယူနစ်များ (တိုင်းဒေသကြီး၊ ပြည်နယ်များ) အတွက် ဆောင်ရွက်သည့် ဒေသယူနစ် အစိုးရများရှိခြင်း။

(ခ) ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာ ၂-ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပိုင်းခြားသတ်မှတ်ပေးထားခြင်း။

(ဂ) ဘဏ္ဍာရေးနှင့် သဘာဝ သယံဇာတများ အစိုးရနှစ်ရပ်အကြား ခွဲဝေသုံးစွဲမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပိုင်းခြား သတ်မှတ်ပေးထားခြင်း။

(ဃ) တနိုင်ငံလုံးနှင့် သက်ဆိုင်သော လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်ဟု ခေါ်ဆိုသည့် မြန်မာနိုင်ငံရှိ အမျိုးသားလွှတ်တော်) တရပ် ထားရှိခြင်း။

(င) ရေးဆွဲပြဌာန်းထားသည့် နိုင်ငံ၏အမြင့်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်း။

(စ) အစိုးရများအကြား အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်သည့် အာဏာပိုင် အဖွဲ့အစည်းတရပ် ထားရှိခြင်းတို့… ဖြစ်ပါတယ်။

အဲဒါအပြင် ပြည်ထောင်စု (ဖက်ဒရယ် စစ်/မစစ်) အား ဆန်းစစ်ရမယ့် အခြေခံ ၅-ချက်ကိုလည်း တပ်မတော်သား အစုအဖွဲ့က ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီအချက်တွေကတော့ –

(က) ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေပုံ
(ခ) ရေးဆွဲပြဌာန်းထားသည့် အခြေခံဥပဒေ (written constitution) ရှိ/မရှိ
(ဂ) အုပ်ချုပ်ရေး အစိုးရ နှစ်မျိုး ရှိ/မရှိ
(ဃ) တရားရုံးချုပ်စနစ် ၂ မျိုး (ပြည်ထောင်စု တရားရုံးချုပ်၊ ပြည်နယ်တရားရုံးချုပ်) ထားရှိ/မရှိ
(စ) ပြည်ထောင်စု အခြေခံဥပဒေနှင့် ပြည်နယ် အခြေခံဥပဒေ၊ သို့မဟုတ် ပြည်ထောင်စု အခြေခံဥပဒေတွင် ပြည်နယ်များအတွက် ပြဌာန်းချက်များ အကျုံးဝင်သည့် အခြေခံဥပဒေမျိုး ရှိ/မရှိ… 
စသည်ဖြင့် တိုင်းတာရမယ့်ပေတံတွေကို ဆွေးနွေးခဲ့ ကြပါတယ်။ 

ဒီအတိုင်းဆိုရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နေတတ်ရင်၊ ကျေနပ်စရာပါပဲ။ သို့သော်လည်း လူအများကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ လိုက်လေ့လာရင်း တလောက ဖက်ဒရယ်ကိစ္စဆွေးနွေးပွဲတခုမှာ ဖက်ဒရယ်စနစ် စစ်/မစစ် တိုင်းတာနိုင်တဲ့ ပေတံတွေကိုလည်း မှတ်သားရပါသေးတယ်။ အထူးသဖြင့်တော့ အိုင်ဗို ဒူချာဆက် Duchacek Ivo, 1970, Comparative Federalism: The Territorial Dimension of Politics, Holt, Rinehart and Winston, London. ကို အခြေခံတာပါ။
Duchacek (1970, 207-208)

1. သံတမန်ရေးနှင့် ကာကွယ်ရေးအပေါ် ဗဟိုအစိုးရက လုံးဝထိန်းချုပ်ခွင့်

2. ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲထွက်ခွင့်မပေးခြင်း (Constitutional immunity against secession)

3. ဗဟိုအစိုးရက နိုင်ငံသားများအပေါ် တိုက်ရိုက်အာဏာသက်ရောက်မှု (Central government authority over citizen directly)

4. အဖွဲ့ဝင်ပြည်နယ်များက သူတို့ကို ရုပ်သိမ်းအဆုံးသတ်ပိုင်ခွင့် မရှိစေရေး ကာကွယ်ပေးထားမှု (Member state protection against their elimination)

5. ပြည်ထောင်စုဥပဒေ ဆုံးဖြတ်ချက်ချသည့်ကိစ္စများတွင် စုပေါင်းမျှဝေလုပ်ဆောင်နိုင်မှု – ဥပမာ လွှတ်တော်၂- ရပ် (Collective-sharing in federal rule-making, for e.g. bicameral representation )

6. သီးခြားလွတ်လပ်သည့် တရားခုံရုံး ၂-ခု၊ တခုက ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ ဥပဒေများကို ပြန်လည်သုံးသပ် ရန်ဖြစ်သည်။ (Two independent set of courts, one dealing with federal laws)

7. ဥပဒေများကို ပြန်လည်သုံးသပ်မှု (legal review)

8. အဖွဲ့ဝင်ပြည်နယ်များ၏ သိသာထင်ရှားသည့် အာဏာနှင့် လုပ်ပိုင်ခွင့် (significant and staying powers of the member states)

အဲဒါအပြင် အခြားပါမောက္ခတဦးရဲ့ ဖက်ဒရယ်ဟုတ်/မဟုတ် တိုင်းတာနိုင်တဲ့ ပေတံ ၁၀-ခုကိုလည်း ကြားခဲ့ရပါသေးတယ်။

ဖက်ဒရယ်ဟုတ်/မဟုတ် တိုင်းတာနိုင်သည့် ပေတံ (၁၀) ခု 
[10 Yardsticks of Federalism]

1. နိုင်ငံရေးအရ အသိအမှတ်ပြုမှု (Politics of recognition)

2. ဒီမိုကရေစီ တန်ဖိုးထားမှုများ/ ဥပဒေနည်းကျ အုပ်ချုပ်ခြင်း (Democratic norms/ Rule of law)- ဒီနေရာမှာ ဒီမိုကရေစီဆိုတာက လစ်ဘရယ်ဒီမိုကရေစီကို ဆိုလိုတာပါ။

3. ဗဟိုမှ အာဏာစုစည်းမှု နှင့် တိုင်းရင်းသားလူမျိုးအရ ဗိုလ်ကျမှုကို ဟန့်တားနိုင်မည့် အချက်များ (Barrier against centralism/ ethnic hegemony)

4. ညှိနှိုင်းအပေးအယူပြုနိုင်မည့် နယ်ပယ်များ (Bargaining arena)

5. နောက်ဆုံး စီရင်ဆုံးဖြတ်မည့်သူများ (Arbiters) – ဥပမာအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးလို နောက်ဆုံး ဆုံးဖြတ်ချက်ပေးမယ့်သူတွေပါ။

6. ဒေသ/လူမျိုး/အုပ်စုအလိုက် အပိုင်းအကန့်များ (Fragmentation and segmentation)- segmentation ဆိုတဲ့ အုပ်စုအကန့်ကတော့ အီရတ်က ဆိုနီ-ရှီယိုက်အုပ်စုလို အကန့်အလိုက်ရှိနေကြတာပါ။ အကွဲကွဲအပြားပြား တည်ရှိနေမှု (fragmentation) ဆိုတာကတော့ အာဖဂန်နစ္စတန်နိုင်ငံက အုပ်စုတွေ စုမရနိုင်တဲ့ မြောက်ပိုင်း မဟာမိတ်လိုမျိုးပါ။ ဒီလိုဆိုရင် အာဏာခွဲဝေရေးကို ဘယ်လိုစဉ်းစားမလဲဆိုတဲ့ ကိစ္စတွေပါ။

7. ပျော့ပြောင်းမှု (Flexibility) – asymmetry လို့ခေါ်တဲ့ အချိုးမညီတဲ့ အာဏာခွဲဝေမှုပုံစံများလည်း ရှိနေနိုင် ပါတယ်။ တိုင်းရင်းသားတိုင်းအတွက် ပြည်နယ်ဆိုတာမျိုး မဟုတ်ဘဲ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ… စသည်ဖြင့် အဆင့်ဆင့် အာဏာခွဲဝေပေးတာမျိုးပါ။

8. တိုင်းရင်းသားလူမျိုးများကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် (Trans-ethnic cooperation) – ဒီနေရာ မှာ နိုင်ငံရေးပါတီစနစ်တွေက အရေးကြီးပါတယ်။ party-system ။ ဥပမာ အင်ဒိုနီးရှားမှာ တိုင်းရင်းသားတခုကို အခြေခံဖွဲ့တဲ့ ပါတီတွေကို ခွင့်မပေးထားပါဘူး။

9. ဖွံ့ဖြိုးရေးလုပ်ငန်းများ (Development)- ကုန်စည်နဲ့ ဝန်ဆောင်မှုများ (good & services)

10. လိုသလိုကောက်နိုင်အောင် အနက်ထွေပြားခြင်း၊ အပိတ်ဆုံးဖြတ်ထားမှု မဟုတ်ခြင်း (Ambiguity and open-endesness)- ဆိုလိုတာကတော့ အင်အားသုံးဖြေရှင်းကြရတဲ့ အခြေအနေမျိုးကို ရှောင်ရှားလိုလို့ ဖြစ်ပါတယ်။

အောင်သူငြိမ်း

https://www.facebook.com/aung.nyeen