အရေးတော်ပုံ – 
သားဦး

.

သစ်ရွက်ဟာ မကြွေချင့်ကြွေချင်နဲ့
သစ်ပင်ပေါ်မှာ ဆက်နေတုန်း
သူ့ကိုကြည့်ပြီး
ငါတို့တမိသားစုလုံး ကြွေပါတယ်

ငယ်တုန်းတော့ ဘာ အရေးလည်း
ဂီတ ကဗျာနဲ့ လေထဲက ဖုန်မှုန့်ကို
ခုန်အုပ်နေတဲ့ နေခြည်နဲ့
လမ်းခင်းကျောက်ပေါ်မှာ
ကြောက်ကြောက်နဲ့ပဲ “K” လို့ထွင်းခဲ့ပါတယ်

ရွေးကောက်ပွဲကြီးပြီးသွားတော့
ငါတို့နောက် တကောက်ကောက်လိုက်နေတဲ့
လှုံ့ဆော်စည်းရုံးမှုတွေ ပျောက်သွားတယ်
ငါတို့ တမိသားစုလုံး
ဟာ, ပြီး ကျန်ရစ်ခဲ့

အရေးတော်ပုံ တဲ့
တအုပ်လုံး စုတ်တသပ်သပ်နဲ့ ဖတ်ကြရ
ပြီးရင်
သူ့နေရာသူပြန်ထားကြရမှာပေါ့လေ

ကျောက်ခဲ ရေ လေထဲက ဖုန်မှုန့်တွေ
ကိုယ်အခု သတိရနေတာ
သူ တိုးတိုးလေး ကပ်ပြောတဲ့
စကားသံ တိုးတိုးလေး
ဒီလိုနဲ့ သေကြရမှာပါပဲလေတဲ့

အရေးတော်ပုံဟာ
အလျော်တောင်းပေးဖို့တောင်
မတတ်နိုင်တော့ပြီလား
မိုးဟာ အုံ့နေဆဲ ။

သားဦး