မောင်သော်တာ –
တောကောင်

.

မြွေဖမ်းသမားတွေပြောကြတာ
တွင်းထဲကမြွေကို တွင်းပြင်ထွက်လာအောင်
ကြွက်သံပေးရသတဲ့

ယင်ကောင်ဖမ်းချင်ရင် ပုန်းရည်ကြီးနဲ့မဖြစ်
ငွေရှာရင် မြက်တောထဲမရှာနဲ့
လူတောထဲမှာရှာ
ဗျူဟာသိမှ ထောင်ချောက်ချ

သွေးဆောင်ဖြားယောင်းတယ်ဆိုတာ
လောဘကို အငိုက်ဖမ်းတာပဲ
လူကိုလိမ်ရတာ လွယ်မယ်
ယုံအောင်ပြောရတော့ အာပေါက်မတတ်

အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပညာရှိလို့ထင်
ခင်အောင်ပေါင်း
သနားအောင်ပြောတတ်ရင်
လေယာဉ်ပျံတောင် အလကားစီးရမတဲ့

မျက်လှည့်ပွဲဆိုရင်လူကြိုက်များ
လှည့်စားထားမှန်း သိသိကြီးနဲ့
ကြည့်လို့သိပ်ကောင်းသပေါ့

ရုပ်ရှင်ဆိုလည်း အသည်းစွဲ
ချိုတကူးနဲ့ ဂုဏ်ရည်မတူ
အပြင်လူက ငိုကြီးချက်မ
သြောချလောက်ပါရဲ့

သောကကိုလည်း မေ့လွယ်ပျောက်လွယ်
လောကကြီးကို ခါးစောင်းတင်မယ့်ပုံ
ယုံချင်ယုံ မယုံချင်နေ xx
တရုတ်တန်းဈေးက xx အဖြစ်အပျက်လေး xx

နားအေးပါးအေး နားရွက်ရေစိမ်
ဇယားအငြိမ် နေချင်ကြ

ရေကြီးတော့
ထမင်းထုပ်စားရမှာအပိုင်တွက်ပြီးသား
ဟန်းဆက်ဝယ်ရင် ဆင်းကဒ်အလကားယူမယ်

ညစ်တီးညစ်ပတ်ဆိုရင် ‘နိုင်ငံရေး’ တဲ့
သူတို့ဗန်းစကားနဲ့ သူတို့လမ်းမှားနေပြီ

မိဘပြည်သူများ ခင်ဗျား … ဆိုတာနဲ့
သူတို့နဲ့ မသက်ဆိုင်
ချေးငွေပေးရင် လွယ်လွယ်ယူမယ်
ကိုယ်ရေးပုံစံတွေ့ရင် ဖြည့်လိုက်မယ်

၂၀၁၅ မှာ အခွင့်အရေး ရမှာဗျ
မက်လုံးကို စိတ်ဝင်စားတယ်
နိုင်ငံရေးစကားကြားရင် ကြောက်တယ်

အေးရာအေးကြောင်း ဈေးရောင်းစားနေမှာ
ဒီလိုလူစား’ များတာ ဘာမှမဆန်း

ဖမ်းမယ်ချုပ်မယ်ဆိုရင်
ဗြောင်းဆန်အောင်ရုန်းလိမ့်
ကျုံးသွင်းထားလိုက်တော့ အကုန်ငြိမ်
ဇိမ်ကိုကျလို့ …။

မောင်သော်တာ
2 sep 2014