ကြယ်ကြွေရေဆန် – အောင်ဝေး

.

မြရာပင်ထက်မှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။

ဆိတ်ဖလူးရနံ့အောက်မှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။

ပင်လယ်လှိုင်းသံနဲ့
နားကြည်းတောက်ခေါက်သံတွေကြားမှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။

အဓိပတိလမ်းပေါ်က စိန်ပန်းပွင့်တွေထဲမှာ
ရွှေတိဂုံဘုရားခြေရင်းက
ကတ္တရာခင်းထားတဲ့နှလုံးသားတွေထက်မှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။

ဖထီးရေ …
ဒီတခါကြွေတဲ့ ကြယ်ကတော့
သောင်ရင်းမြစ်ပေါ်မှာပဲလေ။

နာကျင်ခံပြင်းတဲ့ ဒေါသနဲ့
ဒေါနတောင်တန်းကြီး လှိုက်ခုန်ငိုညည်း
မျက်ရည်တွေ မီးလျှံရဲရဲခုံးထ
ယူကြုံးမရတဲ့ ညနေခင်းဟာ
သောင်ရင်းမြစ်ကမ်းပါးမှာ ဖြစ်ခဲ့ပြီ။

ကျနော်တို့ ငြင်းပယ်လို့မရ
လက်မခံချင်လို့လည်းမရတဲ့ ညနေ
တတောလုံးကွဲကြေ
တပင်ချင်း ကြေကွဲ
အနုပဋိလောမတရားကြီးလည်း ငိုကြီးချက်မနဲ့
ဖထီးရဲ့ နာမည်ကိုအခါခါ ရေရွတ်နေတော့တယ်။

ဟောဟိုက အမိမြေ ကောင်းကင်ယံမှာ
တော်လှန်ရေးရဲ့ နာမည်တွေကဗ္ဗည်းထိုးထားတယ်။

ဖထီးရဲ့မြင့်မြတ်တဲ့
နာမတော်လည်း အပါအ၀င်ပေါ့။

အမိမြေဟာ
ဂုဏ်ပြုအပ်တဲ့ အိမ်သားတဦးကိုဆီးကြိုဖို့
ဆို့နင့်ကြေကွဲနေပါပြီ။

ဖထီးရေ …
ရှစ်ဆယ့်ရှစ်တွေကို ယုံကြည်လို့
စိတ်ချလက်ချ ထားသွားခဲ့တာလား။

ဖထီးရေ …
ရွှေဝါရောင်တွေကို တော်လှန်ရေးသတိရှိဖို့
အသက်နဲ့လဲပြီး တပ်လှန်ခဲ့တာလား။

ဖထီးရေ …
စစ်မှန်တဲ့ ပြည်ထောင်စုကို မျှော်လင့်လို့
အနာဂတ်ကို ပခုံးပြောင်းပေးခဲ့တာလား။

ကမ္ဘာမကြေဘူး ဖထီးရေ …
ကမ္ဘာမကြေဘူး။

အမိမြေဟာ
ပထမလွတ်လပ်ရေးတိုက်ပွဲမှာလည်း
သမိုင်းရဲ့အချိုးအကွေ့ကြုံတဲ့အခါ
ပြည်သူ့သူရဲကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။

အခုတခါ
ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
သမိုင်းချိုးကွေ့အောင်ပွဲနီးလာတဲ့အချိန်
ဖထီးကိုကျနော်တို့ ဆုံးရှုံးလိုက်ရပြန်ပြီ။

မဖြေနိုင်ဘူး ဖထီးရေ …
ကျနော်တို့ မဖြေနိုင်ဘူး။

ကျနော် ကဗျာဆရာပါ
ဖထီးနဲ့ ကျနော်
ပထမဆုံး ဆုံတွေ့ရတဲ့ည
ဗန်းမော်တင်အောင်ရဲ့ရိုးမတိုက်ပွဲဝတ္ထုကို
ကျနော် သတိရနေခဲ့တယ်။

ဝတ္ထုထဲ
ပဲခူးရိုးမ ဖက်ဆစ်ဆန့်ကျင်ရေး
ကရင်ပြောက်ကျား ခေါင်းဆောင်ကြီးတာကောဒီနဲ့
မြို့ကလာတဲ့ ဗမာလူငယ် နိုင်ငံရေးသမားထွန်းနိုင်
အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ပုံတွေ
ရင်တခုန်ခုန်နဲ့ယုံကြည်ခဲ့ပုံတွေ။

ဖထီးရေ …
ဖထီးက တာကောဒီ ဆိုရင်
ကျနော်က ထွန်းနိုင်ပေါ့
ကျနော် စိတ်ကူးယဉ်ခဲ့ပုံတွေ။

ဖထီးရေ ..
ကျနော်တို့အဖြစ်က
ဝတ္ထုမဟုတ်ပါဘူး။

ဝတ္ထုထက်တောင်
ပိုပြီးဝတ္ထုဆန်နေသေးတဲ့ အဖြစ်
နာကြည်းမှုတွေက မျှစ်စို့ပေါက်လို
မြေကြီးထဲက ဖောက်ထွက်လာတဲ့ ခေတ်။

ရေဆန်မြစ်ထဲ
ကြယ်ကြွေရတဲ့ ခေတ်။

ဖထီးရေ …
ခေတ်ဆိုးကြီးရဲ့ ဒီမနက်
တော်လှန်ရေးနဲ့ အမြင့်ဆုံး တောင်ကုန်းထက်မှာ
ဖထီးလက်နဲ့ လွှင့်ခဲ့တဲ့ စွန့်လွှတ်ခြင်း အလံတော်ကို
ကောင်းကင်နဲ့ ထိအောင်
ကျနော်တို့ 
ထပ်ပြီး လွှင့်တင်လိုက်ကြတယ်။

ပြီးတော့
ကျနော်တို့
အလေးနီ ပြုလိုက်ကြတယ်။

ကျနော်တို့
ဘယ်တော့မှ လက်နက်မချပါဘူး ဖထီး။

အောင်ဝေး
၁၅-၂-၂၀၀၈